စားသောက်ကုန်လုပ်ငန်းလိုင်စင်လျှောက်ထားခြင်း

ရန်ကုန်၊ မေလ ၁၇ ရက်၊ ၂ဝ၁၈
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၉)ရက်မြောက်နေ့တွင် လမ်းမတော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမာက ” ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် အိမ်ဈေး ဆိုင်ခန်းများ၊ စားသောက်ဆိုင်ခန်းများ၊ မီနီမားကတ်ဆိုင်များသည် မည်သို့သော လုပ်ငန်းလိုင်စင်များ လျှောက်ထားရန် လိုအပ်ပါသနည်း၊ မည်သည့် အချက်များဖြင့် ပြည့်စုံရန် လိုအပ်ပါသနည်း၊ လိုင်စင်လျှောက်ထားမှုကို လုပ်ငန်းအလိုက် အချိန်မည်မျှ ကန့်သတ်ထားသနည်း၊ လိုင်စင်မရရှိဘဲ ဖွင့်လှစ်ထားသော ဆိုင်ခန်းများအတွက် ဥပဒေအရ မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို ” မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုး က ” ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၆၆ အရ မည်သူမျှမြို့တော်နယ်နိမိတ်အတွင်း လုပ်ငန်းတစ်ရပ်ရပ်ကို ဆောင်ရွက်ရန် အခြားမည်သည့် ခွင့်ပြုမိန့်မှတ်ပုံတင်လက်မှတ်၊ လိုင်စင်တစ်မျိုးမျိုးရှိစေကာမူ ကော်မတီမှ ထုတ်ပေး ထားသည့် လိုင်စင်မရှိဘဲ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရဟု ပြဋ္ဌာန်းထားပါသည်။ အဆိုပါ ပြဋ္ဌာန်းချက်အရ ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီနယ်နိမိတ် (၃၃)မြို့နယ်အတွင်း ဆောင်ရွက်သည့်လုပ်ငန်းများအနေဖြင့် ကော်မတီမှ ထုတ်ပေးသည့် လိုင်စင်တစ်ရပ်ရပ်အား ရယူရန်လိုအပ်ပါကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာ ဌာနမှ ခွင့်ပြုလျက်ရှိသော လိုင်စင်များမှာ အစားအသောက်လိုင်စင်၊ လုပ်ငန်းလိုင်စင်၊ တည်းခိုခန်းလိုင်စင်၊ ဘော်ဒါဆောင် လိုင်စင်၊ ကိုယ်ပိုင်ဈေးလိုင်စင်၊ ယာဉ်ဖြင့်လှည့်လည်ရောင်းချခွင့်လိုင်စင်၊ ယာယီဇာတ်ရုံခွင့်ပြုမိန့်လိုင်စင်ဟူ၍ (၇)မျိုး ရှိပါကြောင်း၊ အဆိုပါလိုင်စင်များအား ဘဏ္ဍာရေးနှစ်အလိုက် တစ်နှစ်လျင်တစ်ကြိမ် သက်တမ်းတိုး ဆောင်ရွက်လျက်ရှိပြီး လိုင်စင်များလျှောက်ထားပါက သာမန်အားဖြင့် အနီးဆုံးပတ်ဝန်းကျင် နေထိုင်သူများ၏ ထောက်ခံချက်၊ သက်ဆိုင်ရာ မီးသတ်/လျှပ်စစ်ဌာန၏ ထောက်ခံချက်တိုု့ရယူ၍ လိုင်စင်ခွင့်ပြုလျက်ရှိပြီး လိုအပ်ပါက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထောက်ခံချက်၊ သက်ဆိုင်ရာရဲတပ်ဖွဲ့ထောက်ခံချက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ လုပ်ငန်းနှင့်သက်ဆိုင်သည့် ဝန်ကြီးဌာန အဖွဲ့အစည်းများ၏ ထောက်ခံချက်၊ အဆောက်အဦသစ်ဖြစ်ပါက ဆောက်လုပ်ခွင့်ပြုမိန့်/ ပြင်ဆင်ခွင့်ပြုမိန့်တို့ ရယူပြီး ရေဆိုးစွန့်ပစ်မှုစနစ်၊ မိလ္လာစနစ်၊ အမှိုက်စွန့်ပစ်မှုစနစ်၊ မိမိဧရိယာအတွင်း ဆောင်ရွက်မှု ရှိ/မရှိ တို့ကို မြေပြင် ကွင်းဆင်းစိစစ်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ လိုင်စင်ခွင့်ပြုလျက်ရှိပါကြောင်း၊ ဆိုင်ခန်းများနှင့် ပတ်သက်၍ g&g , ABC, One Stop Mart စသည် Convenience Store ဆိုင်များသည် လုပ်ငန်း လိုင်စင်အမျိုးအစားဖြစ်ပြီး၊ စားသောက်ဆိုင်များမှာ အစားအသောက်လိုင်စင်အမျိုးအစားတွင် ပါဝင်ပါကြောင်း၊ Convenicence Store ဆိုင်များထက် လုပ်ငန်းပမာဏကြီးမားသည့် Mini Market, Super Market, Shopping Mall များသည် ကိုယ်ပိုင်ဈေး လိုင်စင် အမျိုးအစားတွင် ပါဝင်ပါကြောင်း၊ ၂၀၁၈ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့အထိ လိုင်စင်ခွင့်ပြုခဲ့မှု အခြေအနေမှာ အစားအသောက်လိုင်စင် (၈၄၀၈) ခု၊ လုပ်ငန်းလိုင်စင် (၄၆၀၁၁) ခု၊ တည်းခိုခန်းလိုင်စင် (၄၅၁)၊ ဘော်ဒါဆောင်လိုင်စင် (၃၆၀)ခု၊ ကိုယ်ပိုင်ဈေး (၈၆)ခု၊ ယာဉ်ဖြင့် လှည့်လည်ရောင်းချခွင့်လိုင်စင် (၁၇၄)ခု၊ ယာယီ ဇာတ်ရုံဆောက်လုပ်ခွင့်လိုင်စင် (၂၆)ခု၊ စုစုပေါင်း (၅၅၅၁၆)ခု ခွင့်ပြုခဲ့ပါကြောင်း၊ လိုင်စင်မရှိဘဲ ဖွင့်လှစ်ထားသော လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းရှင်အား လိုင်စင်လျှောက်ထားရန်အတွက် အကြောင်းကြားစာပေးပို့ခြင်း၊ ရုံးသို့ခေါ်ယူဆွေးနွေးခြင်းများ ဆောင်ရွက် လျက် ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်သော်လည်း လိုက်နာခြင်းမရှိပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေပုဒ်မ ၆၈ အရ ပထမအကြိမ် တရားစွဲဆိုပြီး ထပ်မံကျူးလွန်ပါက ပုဒ်မ ၆၉ ဖြင့် လုပ်ငန်း ပိတ်သိမ်းသည်အထိ သို့မဟုတ် လိုင်စင် ခွင့်ပြုချက်ရရှိသည်အထိ တရားစွဲဆိုအရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဈေးသည်တော်တော်များမှာ လိုင်စင်ရယူ လိုကြပါကြောင်း၊ ဈေးသည် သဘာဝသည် ဦးစွာ Market ရှိပြီး လိုင်စင်လျှောက်ထားလာပါက YCDC အနေဖြင့် အမြန်ဆုံး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လိုင်စင်လျှောက်ထားသူများသည် လိုင်စင်လျှောက်ရမည့် ပုံစံများဖြင့် လျှောက်ထားစေပြီး ပတ်ဝန်းကျင်နဲ့ကိုက်ညီမှုရှိပါက လိုင်စင်လျှောက်ထားမှုကို အမြန်ဆုံးဆောင်ရွက်ပေးနေပါကြောင်း” ပြန်လည်ဖြေကြား ခဲ့သည်။

ဆက်သွယ်ရန်:
Our Location

Yangon City Hall, Mahabandula Road, Kyauktada Township, Yangon.

Email

ybpsinfo@gmail.com

Phone Number

+(95) 01 374 055 (For Permit)
+(95) 09 943085520 (For Inspection, BCC)

Website
https://www.ycdc.gov.mm/

Credit : Yangon Hluttaw and YCDC